ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစေရန်အတွက် ကျေးလက်ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက ကျေးရွာရေကော်မတီအဖွဲ့ဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် (၃၂) ဒသမ (၆၈၆၀) သန်းဖြင့် မြေအောက် အနက်ပေ (၅၀၀)  လေးလက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် (၅၀၀၀) ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် အကျယ်အဝန်း (၅ ပေ ×၅ ပေ ×၇ ပေ) ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအား တင်ဒါအောင်မြင်သည့် Shwe Group ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေးလုပ်ငန်း (၆၀) ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက စက်ရေတွင်း တူးဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ရေအုတ်ကန်နှင့် ရေစက်ရုံ တည်ဆောက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှားကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းမှာ ယခုအခါ (၆၀) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ယင်း စက်ရေတွင်း တူးဖော်‌ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက  ကျေးရွာရှိ အိမ်ခြေ (၄၆၅) အိမ်၊ လူဦးရေ (၂၂၅၁) ဦးအတွက် ရာသီ‌မရွေး သန့်ရှင်းသော သောက်သုံးရေ  ဖူလုံစွာသုံးစွဲခွင့် ရရှိစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )