နတ်မောက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကလေးငယ်များအတွက် အသိပညာဗဟုသုတများ တိုးပွားစေရန် ဉာဏ်ရည် ဉာဏ်သွေးဖွံ့ဖြိုးစေရန် အနုပညာကို တန်ဖိုးထားတတ်စေရန်နှင့် မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင်ပြိုင်ပွဲဝင် အထက်တန်းအဆင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများမှ “လူကုန်ကူးမှုတားဆီး ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂) ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်သည်။
လှဝင်း