နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နတ်မောက် စက်တင်ဘာ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဂွေးကုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေအား ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် ကျေးရွာတာဝန်ခံဝန်ထမ်းများသည် ဂွေးကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊  အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ငွေစာရင်းဖြည့်သွင်းထားရှိမှု ရှိ၊မရှိ စာရင်းဇယားထိန်းသိမ်းမှု ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂွေးကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူဦးရေ (၅၉) ဦးကို ငွေကျပ် (၁၆.၃) သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူဦးရေ (၈၅) ဦးကို ငွေကျပ် (၂၂.၅) သန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူဦးရေ (၁၀၁) ဦးကို ငွေကျပ် (၂၁) သန်း၊ စုစုပေါင်း အသင်းသား/အသင်းသူ (၂၄၅) ဦးကို  ငွေကျပ် (၅၉.၈) သန်း ထုတ်ချေးပေးထားကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှ သိရသည်။

မူမူစန်း