ကဝ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အုန်းနှဲ) ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (အုန်းနှဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-10 မှ မနွေးနွေးဦးက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မသိမ့်ရတနာစိုးက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-10 မှ မောင်ဇော်မျိုးအောင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မစုစန္ဒီထက်က လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၁၀၀) ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)