လက်ပံတန်း စက်တင်ဘာ ၁၄
နိုင်ငံ၏ အနာဂတ်ကိုဖန်တီးတည်ဆောက်ကြမည့် လူငယ်များစာရိတ္တကောင်းမွန်ပြီး အရည်အချင်းပြည့်ဝစေရန်၊ ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေရန် ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အ.လ.က (ရေကန်) ကျောင်းနှင့် အ.မ.က (မင်းလမ်း) ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ယနေ့လူငယ်များသည် တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်သုံးစွဲမှု များပြားလာသည့်အလျောက် အကောင်းအဆိုးခွဲခြားတတ်စေရန်၊ အယုံမလွယ်မိစေရန်၊ အင်တာနက်မှတစ်ဆင့် ဗဟုသုတများ ရရှိနိုင်သည့်နည်းလမ်းများ၊ စာအုပ်စာပေများသည်လည်း မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာ ရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်မှ လူကုန်ကူးခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောဆောင်ရွက်ခဲ့သည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းမှ စက္ကူပြဇာတ်နှင့် ပုံပြင်ပြောခြင်းများဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)