မြဝတီ စက်တင်ဘာ ၁၄
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပခဲ့ရာ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး မြဝတီမြို့နယ် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒေါ်ခင်နွယ်နွယ်ရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံအကြောင်း၊ လူကုန်ကူးမှုခံရနိုင်သည့် အသက်အရွယ်အမျိုးအစားနှင့် လူကုန်ကူးမှုခံရပါကဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုအန္တရာယ်များကို ဟောပြောပေးသည်။
ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပခဲ့ရာ စကားပုံဆက်ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ (၂၀)ဦး၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၂၀)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ (၁၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီးနောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ အခြားဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)