မိုးညိုမြို့နယ်၌ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃) လုံးအား ထောက်ပံ့ငွေပေးအပ်

မိုးညို စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် ဧရာဝတီမြစ်လက်တက် (ထွဋ်ချောင်း) ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကမ်းနှင့်နီးကပ်လျက်ရှိသည့် လူနေအိမ် (၃) လုံးကြိုတင်ပြောင်းရွှေ့ခဲ့ရာ အဆိုပါပြောင်းရွှေ့နေအိမ်များမှ မိသားစုများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။   

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရွှေခဲကျေးရွာအနီးရှိ ဧရာဝတီမြစ်လက်တက်ပြိုကျမှုကြောင့် ကမ်းနှင့်နီးကပ်လျက်ရှိသည့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ ထောက်ပံ့ငွေ ၃၀၀၀၀၀/-ကျပ်၊ အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ ၂၃၁၀၀/-ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၃၂၃၁၀၀/-ကျပ်အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာဦးလွင်နှင့်ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ စာရေးဝန်ထမ်းတို့နှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)