ထားဝယ် စက်တင်ဘာ ၁၄
၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ထားဝယ်ခရိုင်အတွင်းရှိ တိုင်းရင်းသားပရဟိတ ပညာရေးကျောင်းများအား ဆန်နှင့်ဆီ ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြိုတော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်တွင် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်နှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ရေးဆိုသည့်ပညာရေးနှင့် ဆက်နွယ်နေသော ဦးတည်ချက်များကို သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစိစစ်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ် ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး စသည့် လုပ်ငန်းရပ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် လိုအပ်သည်များကို နှစ်စဉ်ဖြည့်ဆည်းပံ့ပိုးထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆလုံလူမျိုးများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်စဉ် ကျပ်သန်း(၁၀၀)၊ ကရင်၊ မွန်၊ ထားဝယ်လူမျိုးများအတွက် ကျပ်သန်း(၁၅၀)ကို ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုပေးခဲ့ကြောင်း၊ ပညာရေးသင်ကြား၊ သင်ယူမှုတွင် လိုအပ်ချက်များ ရှိနေသော တိုင်းရင်းသားပရဟိတ ပညာရေးကျောင်းများ၌ အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပြီး ကျပ်သန်း (၆၀) ခန့် ကျခံသုံးစွဲ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာကိစ္စရပ်များ မဆုံးရှုံးရအောင်၊ နစ်နာမှုမရှိအောင်၊ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ဖိုရမ်ကျင်းပပြီး အသိပညာပေးကာ တိုင်းရင်းသားအရေးကို စောင့်ရှောက်ဖြေရှင်းကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကရင်၊ ထားဝယ်၊ မွန် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ နေ့ထူးနေ့မြတ်များနှင့် ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် သင်တန်းများ၊ ပွဲတော်များ၊ အခမ်းအနားများ ကျင်းပဆောင်ရွက်နိုင်အောင် ကူညီပံပိုး ပေးလျက်ရှိကြောင်း၊ ထားဝယ်ခရိုင်အတွင်းရှိ တိုင်းရင်းသား ပရဟိတပညာရေးကျောင်းများ၏ လိုအပ်ချက်များကို အထောက်အပံ့ ဖြစ်စေရန်အတွက် ဆန်၊ ဆီ တို့ကို ထောက်ပံ့ပေးအပ်သလို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ တိုင်းရင်းသားပရဟိတ ပညာကျောင်းများသို့လည်း ထောက်ပံ့ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်စဉ် လိုအပ်ချက်များကို ပို၍ပို၍ ပံ့ပိုးကူညီ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်ခရိုင်အတွင်းရှိ ပရဟိတပညာရေးကျောင်း (၁၃) ကျောင်းအတွက် ဆန် (၁၇၀) အိတ်၊ ဆီ (၃၅၆.၅) ပိဿာအား ထောက်ပံ့ပေးအပ်ပြီး ပရဟိတ ပညာရေးကျောင်းများ ကိုယ်စားဆရာကြီး ဦးဉာဏ်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က မြိတ်ခရိုင်အတွင်းရှိ ပရဟိတပညာရေးကျောင်း (၂၀) ကျောင်းအတွက် ဆန် (၃၅၇) အိတ်၊ ဆီ (၈၇၂) ပိဿာနှင့် ကော့သောင်းခရိုင်ရှိ ပရဟိတပညာရေးကျောင်း (၁) ကျောင်းအတွက် ဆန် (၆၆) အိတ်၊ ဆီ (၁၆၀.၅) ပိဿာအား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)