လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

လှိုင်းဘွဲ စက်တင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့ တစ်ခုဖြစ်သော ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဦးစောကြာအင်းက ကရင်တိုင်းရင်းသားအားလုံးအနေဖြင့် မိမိတို့၏ တန်ဖိုးမဖြတ်နိုင်သော ရိုးရာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများကို မြတ်မြတ်နိုးနိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်းသည် စည်လုံးညီညွတ်ခြင်း၊ ပေါင်းစုခြင်း၊ ကြီးပွားတိုးတက်ခြင်းအတွက် ဒေသအသီးသီးတွင် ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို ရိုးရာမပျက် ကျင်းပခဲ့ကြကြောင်း   အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒိုင်းပြကျောင်း ဆရာတော် အရှင်ဇာနေယျက ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဩဝါဒ မြွက်ကြားခဲ့သည်။ ထို့နောက် ဒိုင်းပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောရန်ငွေက ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များက ချည်ဖြူဖွဲ့မင်္ဂလာနှင့် ပတ်သက်၍ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပစ္စည်း (၇) မျိုးတို့၏ အဓိပ္ပာယ်ဖော်ဆောင်ချက်များကို ပိုးကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ဖတ်ကြားခဲ့ကြခြင်း၊ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတွင် ပါဝင်သော ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းထုပ်၊ နတ်ပန်းညို၊ ရေ၊ ကြံ တို့နှင့်အတူ ကရင်အဖိုးအဖွားများက ဆုတောင်းမေတ္တာ ပို့သခြင်း၊ ဝိညာဥ်လိပ်ပြာခေါ်ပေးခြင်း၊ လက်ချည်ပေးခြင်း၊ ကရင်လူငယ်မောင်မယ်များနှင့် ကရင်အဆိုတော်များက အကများ၊ တေးဂီတများဖြင့် ဖျော်ဖြေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)