ပုလောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ပုလော စက်တင်ဘာလ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Talk Show တွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က ကလေးအလုပ်သမားပပျောက်ရေးသည် လက်ရှိကာလမှာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော စိန်ခေါ်မှုကြီး တစ်ခုဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေနဲ့ ကလေးအလုပ်သမား ပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုကြောင်း၊ ကလေးများအား ကလေးအလုပ်သမား ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးဝါးဆုံး ပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီး ကာကွယ်ပေးရေး၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရေးတို့ကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဆုလဲ့ယဉ်က ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူလူထု၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ၊ ကျောင်းသားမိဘများအကြား ကျယ်ကျယ် ပြန့်ပြန့် သိရှိဖို့လိုအပ်ကြောင်း၊ သတ်မှတ်ထားသော ဥပဒေပန်းချက်များနှင့် မကိုက်ညီဘဲ ကလေးများကို အလုပ်စေခိုင်းနေသူများအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့်ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးပညာသင်ကျောင်းများသို့ တက်ရောက်နိုင်ရေး တို့ကို ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ချိတ်ဆက်၍ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ဆောင်ရွက်သွားကြဖို့  ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)