ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club)အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရှမ်းရွာသစ်   စက်တင်ဘာ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမခင်စောတင့်၏ "စွန့်စားမှုဆီသို့ ခြေတစ်လှမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေများဖတ်ရှုလေ့လာသည့် အလေ့အကျင့်များရရှိစေခြင်း၊ စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာခြင်း၊ တစ်ဦးနှင့်တစ်ဦးအတွေးအခေါ်အယူအဆများ နှီးနှောဖလှယ်နိုင်ခြင်း စသည့်အကျိုး ကျေးဇူးများရရှိသောကြောင့် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးပြီးနောက် Book Clubအဖွဲ့ဝင်ဦးမြင့်မောင်က "လမ်းလျှောက်ထွက်ကြမယ်၊ လူတန်းစား အလွှာမခြားနားစေရာ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်နော်ဝင်းစိန်က "သမီးသိပ်ကံ ကောင်းတယ်၊ အမုန်းတို့ဆန့်ကျင်ပြီး အချစ်နဲ့ပေါင်းစည်း"ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန်ဆွေနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)