ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများဆောင်ရွက်

ရှမ်းရွာသစ် စက်တင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃  ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ပြပွဲနှင့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/ သူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက်  လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် "လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဝိုင်းဝန်းတိုက်ဖျက်ပေး" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ "လူသည်ရောင်းကုန်မဟုတ်ပါ" ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စိတ်ကြိုက် ပန်းချီဆွဲပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)