ကော့ကရိတ် စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များမှ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း’’စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်များအနေဖြင့် အားလပ်ချိန်များတွင် စာပေဖတ်ရှုလေ့လာသည့်အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများ အပြန်အလှန်ဆွေးနွေးစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးရာ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ထဲမှ လူသည်မှားသည်၊ အမှားနှင့်နေကြသည်၊ ထိုအမှားကိုသင်ခန်းစာ ယူနိုင်သည့်အခါ သင်သည်အောင်မြင်သူတစ်ယောက် ဖြစ်လာပေမည် ဆိုသည့် “လူငယ်နှင့်အမှား” ခေါင်းစဥ်အား Youth Club အဖွဲ့ဝင်များဖြစ်ကြသည့် မောင်ကျော်ဇော်လင်းကလည်းကောင်း၊ မြန်မာအမျိုးသမီးများအရှက်အကြောက် ကြီးလှပါတယ်ဆိုသည့် “ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ်’’ခေါင်းစဥ်ပါ အကြောင်းအရာ တို့ကို မချိုသဇင်တို့ကလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူ အဖွဲ့ဝင်များမှလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကေ့ာကရိတ်ခရိုင် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာပေချစ်သူများနှင့် လစဥ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)