တောင်ငူမြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

တောင်ငူ စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍  ယမန်နေ့ မွန်းလွဲပိုင်းက အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာဆွေးနွေးပွဲ  ကျင်းပခဲ့သည်။

ရှေးဦးစွာ တောင်ငူမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ခင်ဇာခြည်အောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပွင့်ဖြူစင်သက်က ကလေးအလုပ်သမားဥပဒေအကြောင်း၊ ဥပဒေနှင့်မညီဘဲ ကလေးအလုပ်သမားခိုင်းစေမိပါက ကျခံရမည့်ပြစ်မှုနှင့် ပြစ်ဒဏ်များကို အသိပညာပေးဟောပြောဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက ကလေးသူငယ်များအား အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်းဖွင့်ဆိုချက်၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်း (ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအခန်း(၁၄))၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ တာဝန်များနှင့်ဆောင်ရွက်နေမှုများ၊ လူငယ်သင်တန်းကျောင်းများတွင် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်နေမှုများ စသည်တို့ကို ဟောပြောဆွေးနွေးပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများမှ ဆရာမများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)