မြိတ်မြို့ အ.ထ.က(၂)တွင် ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကျင်းပ

မြိတ်  စက်တင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အ.ထ.က(၂)မြိတ်တွင် ယမန်နေ့က ကျင်းပခဲ့သည်။

ကျောင်းသား/သူ လူငယ်များကို သူငယ်ချင်း အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အများအရှေ့တွင် ပြောဆိုသည့်အခါတွင်လည်း ယဉ်ကျေးမှုနှင့်အညီပြောဆိုတတ်ရန်၊ သူငယ်ချင်းအချင်းချင်း ပြန်လည်ပြီး မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။

စကားဝိုင်းဆွေးနွေးပွဲကို အ.ထ.က(၂)ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကားပြောကြား၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်စကားဝိုင်းကျင်းပရသည့်  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက Moderator ဖြင့် ဆောင်ရွက်၍ အထက်တန်း ကျောင်းသား/သူ(၈)ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးနံရံကပ်စာစောင်ကိုပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)