ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ရှမ်းရွာသစ် စက်တင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများ ဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာမခင်စောတင့်၏ "စွန့်စားမှုဆီသို့ ခြေတစ်လှမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် စာပေများ ဖတ်ရှုလေ့လာသည့် အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများ နှီးနှောဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိသောကြောင့် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးပြီးနောက် Book Club အဖွဲ့ဝင် ဦးမြင့်မောင်က "လမ်းလျှောက်ထွက်ကြမယ်၊ လူတန်းစားအလွှာမခြားနားစေရာ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်နော်ဝင်းစိန်က "သမီးသိပ်ကံကောင်းတယ်၊ အမုန်းတို့ဆန့်ကျင်ပြီးအချစ်နဲ့ပေါင်းစည်း" ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို အချင်းချင်း အပြန်အလှန် ဆွေနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)