ရွှေကျင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ

ရွှေကျင် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမို့မို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသား/ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစု‌အောင်၊ Grade (9) မှ ကျောင်းသူ မခင်ရတနာထွန်း ခေါင်းဆောင်သည့်အဖွဲ့တွင် လူငယ်နှင့်အနာဂတ်၊ Grade (8) မှ မောင်ထက်‌ဝေယံသိမ်း ခေါင်းဆောင်သည့်အဖွဲ့တွင် လူငယ်နှင့်မူးယစ်‌ဆေး၊ Grade (9) မှ မကေဇင်ဦး ခေါင်းဆောင်သည့်အဖွဲ့တွင် လူငယ်နှင့်ယဥ်‌ကျေးမှုအစရှိသည့် အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးသွားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၉၀) ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)