စုကလိမြို့ အခြေခံပညာ အထက်တန်းကျောင်း (ဆုံဆည်းမြိုင်)တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

စုကလိ စက်တင်ဘာ ၁၄

ယနေ့တွင် ကျရောက်သည့် ၂၀၂၃ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်အဖြစ် ယမန်နေ့ ညနေပိုင်းက စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာ (အထူးဒေသ) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆုံဆည်းမြိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ချိုက အဖွင့်အမှာစကား ပြောကြားပေးပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်ပိုပိုအောင်က ပြက္ခဒိန်နှစ်၏ စက်တင်ဘာ ၁၃ ရက်နေ့သည် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားပါကြောင်း ၊ လူကုန်ကူးမှု ပေါ်ပေါက်လာပုံအကြောင်း၊ လူကုန်ကူးခံရမှု အမျိုးအစားများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပြည်သူလူထုက ပူးပေါင်းပါဝင်နိုင်စေရေး၊ လူကုန်ကူးမှုခံရသူများအား သနားညှာတာစွာ ပြုမူဆက်ဆံပေးရန် လိုအပ်ပါကြောင်း ၊ အရပ်ဖက်မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရေးတို့ကို ဟောပြောပေးသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား ဥာဏ်စမ်းမေးခွန်းများ မေးမြန်းကာ အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပတ်သက်သည့် စာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များအား ပြသထားရာ ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပိုပိုအောင်(ပြန်/ဆက်)