ကော့သောင်း စက်တင်ဘာ ၁၃
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား( ၇၉)ဦး ၊ အမျိုးသမီး(၃၂)ဦး ၊စုစုပေါင်း (၁၁၁)ဦးအား ယနေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကိုပြောကြားပြီး ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်း ရှိ/မရှိစစ်ဆေးလက်ခံခဲ့သည်။
အဆိုပါပြန်လည်ဝင်ရောက်လာသူများကို Test Kist ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း၊ကိုယ်ရေး မှတ်တမ်းများ ကောက်ယူခြင်းစသည့် ကိုဗစ်- ၁၉ ရောဂါပိုး စစ်ဆေးမှုများဆောင်ရွက်ပြီးနောက် ရောဂါပိုးတွေ့ရှိသူများအား အသွားအလာ ကန့်သတ်ထားရှိစောင့်ကြည့်ထားရှိမည်ဖြစ်ပြီး မတွေ့ရှိသည့်သူများအား မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)