ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ကျောင်းသား/ကျောင်းသူလေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အတွက်လူငယ်စားဝိုင်းကျင်းပ

ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၃

“ယနေ့လူငယ်၊နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ်ခေါင်းဆောင်များ ဖြစ်ကြမည့် ကျောင်းသား /ကျောင်းသူလေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က ပြည်ကြီးမဏ္ဍိုင်မြို့ရှိအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင်လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှတစ်ဆင့် အသိပညာ ဗဟုသုတများပိုမိုရရှိစေရန် စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်၍ အတွေ့အကြုံအသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများရရှိ၍ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ဦးဆောင်ဆွေးနွေးသူ အဖြစ်ပါဝင် ဆောင်ရွက်ခဲ့ပြီး ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) မှ ကျောင်းသား/ ကျောင်းသူလေးများက လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်ဆေး လိပ်အန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)မှ တာဝန်ခံဆရာမ ဒေါ်လှလှဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)