ဘားအံ စက်တင်ဘာ ၁၃
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ သင်ကြားမှု အထောက်အကူဖြစ်စေခြင်းနှင့် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က သင်ယူတတ်မြောက်မှုများ အားကောင်းလာစေရန်အတွက် နည်းလမ်းများဖော်ဆောင်ရာတွင် ယခုကဲ့သို့သော ဆွေးနွေးပွဲများဖြင့် ဆွေးနွေး ကြပြီးလိုအပ်ချက်များ၊ အားနည်းချက်များကို အဖြေရှာကာ ပြီးပြည့်စုံမှုမရှိသည့်တိုင်အောင် အထိုက်အလျောက်ဆောင်ရွက်နိုင်ပါကလည်း ကောင်းမွန်သည့်ပညာရေးစနစ်ပန်းတိုင်အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အခြေခံပညာရေး၏ အခန်းကဏ္ဍတိုးတက်မှသာ အဆင့်မြင့်ပညာ၊ အသက်မွေးပညာရပ်များတွင် သာမက ပညာရပ်အသီးသီးသို့ချည်းကပ်ရာတွင်လည်းကောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေ၍ လက်ရှိပညာရေး မိသားစုများ၏ ဝိုင်းဝန်းအားဖြည့်ဆောင်ရွက်ပေးကြမှသာ ဟန်ချက်ညီညီတိုးတက်ပြောင်းလဲလာမည်ဖြစ်သည့်အတွက် တက်ညီလက်ညီ အားဖြည့်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်ခရိုင် ပညာရေးမှူးများက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး တင်ပြဆွေးနွေးကြကာ ပြည်နယ်ဥပဒေချုပ်က နိဂုံး ချုပ်အမှာစကားပြောကြားသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ဆွေးနွေးချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြုစုတင်ပြ၍ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)