ကရသူရိ စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးခံရသည့်အကြောင်းတရားများ၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ လူကုန်ကူးမှုခံရလျှင် ခံစားရမည့်ဆိုးကျိုးများစသည့်တို့ကို ဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ၊ ဓာတ်ပုံတို့ကိုပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လူကုန်ကူးမှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေခေါင်းပုံဖြတ်ခြင်း၊ လူအများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်း/ရောင်းချခြင်း၊ ဝယ်ယူ/ငှားရမ်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ခေါ်ယူခြင်းစသည့် နည်းလမ်းများဖြင့်ပြုလုပ်လျက်ရှိ၍ ထိုအန္တရာယ်များကို ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ရေး ပညာပေးဟောပြောခြင်းဖြစ်ပြီး အဆိုပါဟောပြောပွဲသို့ ကရသူရိမြို့အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)