ကရသူရိမြို့၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကရသူရိ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို ကျောင်းသား/သူများက အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက တစ်နှစ်တာအတွင်း ထူးချွန်ထက်မြက်၍ စည်းကမ်းကောင်းမွန်သည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပေးခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ တိုးတက်အောင်မြင်ရေးနှင့် လိုက်ပါဆောင်ရွက်နိုင်ရေး ဆရာ/ ဆရာမများနှင့် မိဘအုပ်ထိန်းသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျောင်းသား/ သူများအနေဖြင့်လည်း ထူးချွန်ထက်မြက်သူများအား အတုယူ၍ ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပညာရေးတွင်သာမက ကာယ၊ ဉာဏ၊ စာရိတ္တ စသည့်ဘက်စုံထူးချွန်းသည့် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်းသား/ သူများအားလည်းကောင်း၊ မြို့နယ်အဆင့် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုရရှိသည့် ဘောလုံးအသင်းအား လည်းကောင်း၊ ကျောင်းကောင်စီအသင်း(၅)သင်း ခြင်းလုံးနှင့် ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား လည်းကောင်း၊ စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက စုစုပေါင်းဂုဏ်ပြုဆု(၁၄၉)ဆုအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားကိုကျောင်းသား/သူများ၏ဖျော်ဖြေရေးအစီအစဉ်ဖြင့်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)