မြိတ်မြို့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံခြင်းနှင့် ပတ်သက်၍ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

မြိတ် စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးများအား  သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံခြင်းနှင့် ပတ်သက်၍ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကုသရေးဦးစီးဌာနမှူးဆေးရုံအုပ်ကြီး  ဒေါက်တာသန္တာမျိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်ယဉ်နွဲ့က ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်မှန်းချက်များ၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့်အသက်အရွယ် သတ်မှတ်ချက်များ၊  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ၊ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိသည့်လုပ်ငန်းများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ၊ အဓိကသတင်း အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား အသက်(၉)နှစ် ပြည့်ပြီး (၁၂) နှစ်မကျော်‌သော မိန်းကလေးငယ်များတွင် စတင်ထိုးနှံရန်၊ ကျောင်းအခြေပြုနှင့် ပြည်သူလူထု အခြေပြုပုံစံများဖြင့်   ထိုးနှံခြင်းဖြင့်လွှမ်းခြုံမှု မြင့်မားစွာထိုးနှံ၍ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ရပ်ရွာတိုင်းသို့ရောက်ရှိရန်နှင့် ရည်မှန်းထားသော သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန်၊ အောင်မြင်သော သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ဖြစ်စေရန်အတွက် ဌာနအချင်းချင်း အဆင့်တိုင်းတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စက်တင်ဘာလ (၁၈)ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်းကိုလည်းကောင်း၊ အောက်တိုဘာလ (၁၆)ရက်‌နေ့မှ (၂၇)ရက်နေ့အထိ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြိတ်မြို့နယ်တွင်ကာကွယ်ဆေးထိုးနှံမည့် ဦးရေ (၈၄၈၉) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြိတ်ခရိုင်(ပြန်/ဆက်)