ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှာကဒေါင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်

ဘားအံ စက်တင်ဘာ ၁၃

ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ် စားသုံးနိုင်စေရေးအတွက် ဒေသတွင်း သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ လှာကဒေါင်ရေလျှံ ကွင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တက်ရောက်လာသော လှာကဒေါင်၊ နိုင်းကြာ၊ အုန်းတစ်ပင်၊ သစ်ခြကျေးရွာများမှ ဒေသခံတိုင်းရင်းသားတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော နှစ်လက်မအောက်ခံအရွယ်ရှိ ငါးခုံးမကြီးကောင်ရေ တစ်သိန်းကို လှာကဒေါင်ရေလျှံကွင်း အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ယခုစိုက်ထည့်ပေးခဲ့သော ငါးမျိုးများသည် လှာကဒေါင်ရေလျှံကွင်းနှင့် ဆက်စပ်ရေပြင်များအတွင်း ရှင်သန် ကြီးထွားပေါက်ပွားပြီး ပတ်ဝန်းကျင်ဒေသများတွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ အလွယ်တကူ ဖမ်းယူစားသုံးနိုင်မည်ဖြစ်ကာ ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီအတွင်း ငါးမျိုးစိုက်ထည့် ပွဲ(၈)ကြိမ်ဖြင့် ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေ တစ်ဆယ့်သုံးသိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါငါးမျိုးစိုက်ထည့်ပွဲငါးကြိမ်နှင့် ငါးသားပေါက်ကောင်ရေ ရှစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)ကို နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အခြေခံစားကုန်များဖြစ်သော ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး အတွက် ပြည်နယ်ကော်မတီနှင့် သက်ဆိုင်ရာ ခရိုင်ကော်မတီများမှ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရန် လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ရန်လိုပြီး ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသူထံသယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများမဖြစ်ပေါ်စေရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးဖို့လိုကြောင်း၊ အခြေခံစားကုန်ပစ္စည်းများကို ကုန်ဈေးနှုန်တည်ငြိမ်မှု ပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီကြီးကြပ်ဆောင်ရွက်ဖို့လိုပြီး လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန် လိုအပ်သည့်ပံ့ပိုးမှုများပေးခြင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးတို့ကို အားပေးခြင်း စသည့်စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်ပေးရန်လိုကြောင်း၊ အဓိကအားဖြင့် ဆန်နှင့်ဆီကို တိုးမြှင့်ထုတ်လုပ်ပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ကာ ထုတ်လုပ်မှုနှင့် စားသုံးမှုကိုက်ညီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပေးအပ်ထားသည့် တာဝန်ဝတ္တရားနှင့်အညီ ဆောင်ရွက်ကြရန် နှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ထပ်ဆင့်ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှတာဝန်ရှိသူများက ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေးသို့ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက သက်ဆိုင်ရာခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)