ဆိပ်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မင်းဘူး- စလင်း- တညောင်- ဆိပ်ဖြူလမ်း ဆူးလေကုန်းတံတား တည်ဆောက်ရေးလုပ်ငန်း၊ လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီက တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူရုံး၌ ကျင်းပသည်။
အဆိုပါတံတားကို ဒေသခံပြည်သူများနှင့်ခရီသွားပြည်သူများ လူမှုစီးပွားဘဝများ၊ လမ်းပန်းဆက်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပညာရေး၊ ကျန်းမားရေး၊ လူမှုစီးပွားဆိုင်ရာ ကိစ္စရပ်များအတွက် သွားလာမှုအဆင်ပြေစေရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၃) နှင့် တံတားအထူးအဖွဲ့ (၅) တို့ပူးပေါင်းတာဝန်ယူ၍ မင်းဘူး- စလင်း- တညောင် - ဆိပ်ဖြူလမ်းပေါ်ရှိ ပေ (၁၂၀၀) အရှည် ဆူးလေကုန်းတံတားကို တည်ဆောက်သွားမည်ဖြစ်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်း၌ လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါပွဲသို့ ဆိပ်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၃) နှင့် တံတားအထူးအဖွဲ့ (၅) တို့မှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အိတ်ဖွင့်တင်ဒါစိစစ်ရေးကော်မတီ အဖွဲ့ဝင်များ၊ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများအတွက် တင်ဒါလာရောက် တင်သွင်းသည့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အိတ်ဖွင့်တင်ဒါ စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်တို့က အမှာစကားများပြောကြားပြီး၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၃) မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်နိုင်ကိုကိုက တင်ဒါစည်းကမ်းများနှင့် တံတားတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းရှင်များက ဆူးလေကုန်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများအိတ်ဖွင့် တင်ဒါသွင်းခြင်း၊ တင်ဒါတင်သွင်းသူများ၏ ဈေးနှုန်းများ ဖွင့်ဖောက်စစ်ဆေးခြင်း၊ တင်ဒါအောင်မြင်သူများ စာရင်းကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တံတားအထူးအဖွဲ့ (၅) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျင်ရွှေက တံတားတည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သူများအနေဖြင့် လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူခြင်းအတွက် သတ်မှတ် စံချိန်စံညွှန်းပြည့်မီ ပစ္စည်းများ အချိန်မီတင်သွင်းပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများရှင်များက သတ်မှတ်ချိန်များအတွင်း တည်ဆောက်ရေးသုံးပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)