သရက်ချောင်း စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းနှင့် သင်တန်းပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံချုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသောဦးတည်ချက်(၉)ရပ်ထဲက လူမှုရေးဦးတည်ချက်တွင် ပါဝင်သောတစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးအကြောင်း၊ အသက်(၉)နှစ်ပြည့် ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအားသားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးနိုင်ရေးအကြောင်းရှင်းလင်းဆွေးနွေးကာ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက မြို့နယ်အတွင်းအခြေခံပညာကျောင်းများတွင် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူ များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရန်အတွက် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းတာဝန်ခံများ၊ ကျောင်းသားမိဘများနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်း ကင်ဆာအကြောင်း ရှင်းလင်းတင်ပြခြင်း၊ကာကွယ်ဆေးထိုးနှံနိုင်ရေး လိုအပ်သည်များပြောခြင်း နှင့် ကာကွယ်ဆေးထိုးနှံသွားမည့်လုပ်ငန်းစဥ်များအကြောင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသူများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ထိုးနှံခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ပြီး တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားရုတ်သိမ်းခဲ့ပြီး အဆိုပါ ကာကွယ်ရေးထိုးနှံခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများအား စက်တင်ဘာလ ၁၃ရက်နေ့မှ ၁၄ရက်နေ့အထိ (၂)ရက်တိုင်သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁၈)ရက်နေ့မှစ၍ မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)