ပွင့်ဖြူ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စာသင်ကျောင်းများ ပိတ်ထားရသဖြင့် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် တီထွင်ကြံဆမှု အားကောင်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် စက္ကူ အရုပ်ခေါက်နည်း မျှဝေခြင်းအစီအစဉ်အား ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စက္ကူအရုပ်ခေါက်နည်း မျှဝေခြင်းအစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ယောစုကျေးရွာ မူလတန်းကြိုကျောင်းမှ ဆရာမများနှင့် ပူးပေါင်း၍ ကျောင်းနေ အရွယ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် ကာလာစက္ကူဖြင့် နှင်းဆီပန်းပွင့်ပုံ ခေါက်နည်း၊ ငှက်ရုပ်ခေါက်နည်း၊ သစ်သီးမျိုးစုံအရုပ်ခေါက်နည်း မီးပုံးအရုပ်ခေါက်နည်း၊ တိရစ္ဆာန်အရုပ်မျိုးစုံခေါက်နည်းများကို မျှဝေသင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ပြောသည်။
ယခုတစ်ပတ်တွင် ပွင့်ဖြူမြို့နယ် ယောစုကျေးရွာမူလတန်းကြိုကျောင်းမှ ဆရာမ ဒေါ်ချိုမာလွင် က ကာလာစက္ကူဖြင့် သစ်ကုလားအုပ် အရုပ်ပြုလုပ်နည်းအဆင့်ဆင့်ကို မျှဝေသင်ကြား ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စက္ကူအရုပ်ခေါက်နည်း မျှဝေခြင်းအစီအစဉ်ကို အပတ်စဉ် သောကြာနေ့တိုင်း မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် ကလေးငယ်များ လေ့လာနိုင်ရန် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )