ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေဝင်ရောက်မှုအ‌ခြေအနေအား ကြည့်ရှုစစ်ဆေး

ဖြူး စက်တင်ဘာ ၁၃

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိငမြွေရေလှောင်တမံအား မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ရေလှောင်တမံအတွင်းရေဝင်ရောက်မှုနှင့် ရေလှောင်တမံခိုင်ခံ့မှု အခြေအနေ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ပြီး လက်တံမြောင်းအတွင်း ဒိုက်၊ နုန်း၊ သဲမြေများဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရမည့် အခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်ရှိ ငမြွေချောင်းရေလှောင်တမံအား (၁၉၉၈)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ဆည်ရေသောက်ဧရိယာ(၁၀၀၀)ဧကရေပေးဝေနိုင်ပြီး ပင်မတမံအလျား(၈၀၀)ပေ၊ ရေဆင်းဧရိယာ(၃.၆၃)စတုရန်းမိုင်၊ နှစ်စဉ်ပျမ်းမျှမိုးရေချိန်(၇၆.၈၅)လက်မ၊ ကန်ရေသေရေလှောင်ပမာဏ(၅၃၀)ဧကပေ၊ နှစ်စဉ်ပျမ်းမျှစီးဝင်ရေ(၁၂၆၅၀)ဧကပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ(၂၃၈၀)ဧကပေ၊ ကန်ရေပြည့် ရေပြင်ကျယ်ဧရိယာအရ စိုးရိမ်မှုအခြေအနေမရှိကြောင်း သိရသည်။

အဆိုပါ ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံအား တောင်ငူခရိုင်ဆည်မြောင်းထိန်းသိမ်းရေးရုံးမှ ဦးစီးအရာရှိ(မြို့ပြ)ဦးမျိုးတင့်၊ ဖြူးမြို့နယ်လမ်းဦးစီးဌာနမှဦးစီးအရာရှိ(မြို့ပြ)ဦးမြင့်သောင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၂)(မြို့ပြ)ဦးမြတ်သူနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ရေဆင်းဧရိယာနှင့်ရေပိုလွှဲနိုင်မှုအခြေအနေ၊ မိုးရွာသွန်းမှုနှင့် မိုးရေချိန်လက်မအခြေအနေ၊ တမံအတွင်းရေဝင်ရောက်မှု ပမာဏအထက်ကျော်လွန်မှုအခြေအနေများကိုလည်း စစ်‌ဆေးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)