သဲကုန်း​မြို့နယ် မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

သဲကုန်း စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာပြောရဲဆိုရဲတတ်စေရန်၊ စည်းလုံးညီညွှတ်မှုရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် သဲကုန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်​မေဇင်ထွန်းက ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မူလတန်းကြိုကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း၍အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သော အဖွဲ့လိုက်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ တစ်ဦးချင်း ကဗျာရွတ်ဆို​ပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ မူကြိုကျောင်းမှ သားငယ်သမီးငယ်လေးများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ​ပြီးတာဝန်ရှိသူများက အကဲဖြတ်အမှတ်ပေးဆုရွေးချယ်ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဆုရရှိသော သားငယ်၊ သမီးငယ်လေးများအား မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)