မြိတ် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့ ကွမ်းသီးချောင်းကျေးရွာရှိ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း သင်တန်းသူများအတွက် ဆန်၊ ဆီနှင့် စားစရိတ်များကို ယမန့်နေ့နေ့လယ်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြသည်။
ထောက်ပံ့ရာ၌ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း ကျောင်းအုပ် ဒေါ်နီလာမြင့်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်တို့က တိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့သည့် ဆန်(၁၀) အိတ်၊ ဆီ(၅)ပိဿာပုံး (၁၀)ပုံးနှင့် သင်တန်းသူများအတွက် (၂)ရက်စာ စားစရိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သင်တန်းသူများအား အာဟာရမုန့် များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းသူများကို အားပေးစကားများ ပြောကြားခဲ့ကြပြီး သင်တန်းကျောင်း ကျောင်းဆောင်များနှင့် သင်တန်းသူအိပ်ဆောင် အသစ်တည်ဆောက်နေမှုအားကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းကျောင်းတွင် သင်တန်းသူများကို အသက်မွေးဝမ်းကျောင်း စိုက်ပျိုးရေး ပညာ၊ လက်မှုပညာ၊ စက်ချုပ်ပညာနှင့်ကျောင်းနေအရွယ် သင်တန်းသူများကို အခြေခံ ပညာသင်ကြားပေးကြောင်း၊ သင်တန်းကျောင်းတွင် သင်တန်းသူ(၄၇)ဦးရှိကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )