လွိုင်ကော် စက်တင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်း၌ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)သို့သွားရောက်၍ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ပြည်နယ်ဩဝါဒစရိယ သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကလျာဏထေရဝါသ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းဆောင်အသစ် ဆောက်လုပ်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ထို့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(ချိကယ်)သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုများကို ကြည့်ရှုပြီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့ကာ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ၊ ဆရာမများ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်) ကျောင်းအုပ်ကြီးက ကျောင်းသမိုင်းကြောင်းကိုလည်းကောင်း၊ ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီမှူးနှင့် ကယားပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(ချိကယ်)အား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ကျောင်းပရိဝုဏ်အတွင်း နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်နေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး နှစ်ထပ်စာသင်ဆောင်၊ စိုက်ပျိုးရေးစိုက်ခင်းများနှင့် မွေးမြူရေးခြံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးသမရပ်ကွက်ရှိ မောဒူဒီးဘိုးဟိုးခန်းမဆောင်၌ ကေ့ထျိုးဘိုးဂေါပကအဖွဲ့ဝင်များ၊ ထေးသမရပ်ကွက်တွင် နေထိုင်နေကြသော ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ်များအား အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့်လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ဖော်ဆောင်ပေးစေလိုကြောင်း၊ လွတ်လပ်ပီးတရားမတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးကို ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ကေ့ထျိုးဘိုး ဂေါပကအဖွဲ့အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ထေးသမရပ်ကွက်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက်တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)