ပွင့်ဖြူ၊ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဆည်ရေလုပ် သားများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေး ရေးပေးဝေသည့်ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်စေရန်အတွက် အောက်တိုဘာ ၁၇ ရက် ၊ ယနေ့နံနက် ၇ နာရီခွဲက တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ လက်တံ(၄)ရေပေးမြောင်းအတွင်း ပိတ်ဆို့နေသော ရေမှော်ပင် များနှင့် သဲခုံများကို စုပေါင်းဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရေပေးဝေသည့်လက်တံမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများနှင့် ဆည်ရေလုပ်သားများအဖွဲ့က တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ရေလက်တံ (၄)ရှိ ကျောက်တိုင်အမှတ်(၂၈)နှင့် (၂၉)ကြားရှိ ပိတ်ဆို့နေသော ရေမှော်ပင်များနှင့် သဲခုံများကို တောင်သူများ မိုးစပါးသီးနှံ အောင်ရေ အပြည့်အဝရယူသုံးစွဲနိုင်ရေး စနစ်တကျ စုပေါင်းဖယ်ရှားရှင်းလင်းပေးခဲ့ကြသည်။ ယခုကဲ့သို့ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေလက်တံမြောင်းများအတွင်း ပိတ်ဆို့နေသော ရေမှော်ပင်များ ၊ အမှိုက်သရိုက်များနှင့် သဲခုံများ ရှင်းလင်းခြင်းလုပ်ငန်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများအဖွဲ့က စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးစိုက်ဧက ၇၁၀၈၇ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း သိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)