သံတောင်ကြီး စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေး အိတ်ချ်ပီဗီထိုးနှံနိုင်ရေးလုပ်ငန်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဆန်းဗိုလ်က အမှာစကားပြောကြားပြီး၊မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးက အိတ်ချ်ပီဗီကာကွယ်ဆေးဆိုတာဘာလဲ၊ ကာကွယ်နိုင်သည့်ရောဂါများ၊ ကူးစက်နိုင်သည့်နည်းလမ်းများ၊ အိတ်ချ်ပီဗီကူးစက်ပါက ဖြစ်ပေါ်လာသည့်ရောဂါ လက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက နောက်ဆက်တွဲ ပြဿနာများ၊ အိတ်ချ်ပီဗီကူးစက်ခံရပြီး အချိန်မည်မျှကြာလျှင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု၊ အိတ်ချ်ပီဗီပိုး မကူးစက်စေရန်ကာကွယ်ရန် နည်းလမ်းများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ မဖြစ်ပွားအောင်ကာကွယ်ရမည့်နည်းလမ်းများ၊ အိတ်ချ်ပီဗီကာကွယ်ဆေး ထိုးနှံရမည့် အသက်အရွယ်အပိုင်းအခြားများ အားအကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ကျောင်းသူ/ကျောင်းသားများကသိရှိ လိုသည်များအားမေးမြန်းရာ မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ