ရွှေတောင်မြို့နယ် အ.ထ.က (ခွဲ) သရက်တောကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပ

ရွှေတောင် စက်တင်ဘာ ၁၃

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က (ခွဲ) သရက်တောကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စောက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးက စားသုံးသူ၏ အဓိပ္ပာယ်၊ အခွင့်အ‌ရေးများ၊ စားသုံးသူနှင့်ပတ်သက်သော ကုန်ညွှန်းအမှတ်အသား (၈) ချက်ကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက လူငယ်နှင့်အားကစား၊ "အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုး‌‌ ‌ ကျေးဇူးများ "ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက ကလေး‌‌များ၏ သဘောသဘာဝနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာမျာကို သရုပ်ပြဟောပြောခဲ့သည်။ ဆက်လက်၍ နောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟော‌ပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်ရည်မှန်းချက်၊ လူကုန်ကူးမှု၏အဓိပ္ပာယ်၊ ၂၀၂၃-ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်များ၊ လူကုန်ကူးမှုတားဆီးရေး အသိပညာ‌ပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များဖတ်‌စေခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ပြသရာကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)