အထက်မင်းလှ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် အဖွဲ့မှ မင်းလှမြို့နယ်၌ အစိုးရက ခွင့်ပြုသည့်ဥပဒေနှင့် ညီညွှတ်သည့်ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများအတွက် လျှောက်ထားလာသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်မှုများပြုလုပ်သည့် အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားပြီး မီလျှံဂိုးဒင်းကုမ္ပဏီမှ လုပ်ငန်းစာတွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်း၊ လယ်လှကျေးရွာနှင့် ဆပ်ပြာကျေးရွာအုပ်ချုပ်ရေးမှူးတို့က လုပ်ငန်းစာတွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာသူများမှ အစိုးရကခွင့်ပြုသည့် ဥပဒေနှင့်ညီညွှတ်သည့် ဓာတ်သတ္ထုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများအတွက် လျှောက်ထားမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ တိုင်းရင်းသားရေးရာဝန်ကြီးက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းများဆောင်ရွက်ရန် လျှောက်ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)