ပခုက္ကူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပ

ပခုက္ကူ စက်တင်ဘာ ၁၃

၂၀၂၃ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၁ နာရီအချိန်က ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေး(Talk Show) ဆွေးနွေးပွဲအစီအစဉ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် အကြီးတန်းစာရေး ဒေါ်ဇင်မာဝင်းတို့က  “မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံသမိုင်းကျဉ်းနှင့် ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်၊ လူကုန်ကူးမှု၏အဓိပ္ပါယ်နှင့် ဖြစ်ပွားရသည့်အကြောင်းရင်းများ၊ လူကုန်ကူးမှုအမျိုးအစားများနှင့် တားဆီးကာကွယ်ရေးနည်းလမ်းများအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူမှုရေး၊ ကျန်းမာရေးဆိုင်ရာအကြောင်းအရာများ၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နေ့ထူးနေ့မြတ်အကြောင်းအရာတို့ကို ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ အသိပညာပေး(Talk Show)ပွဲအစီအစဉ်များ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)