ဘားအံ စက်တင်ဘာ ၁၃
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၈) လူကုန်ကူးမှု တားဆီနှိမ်နှင်းရေးတပ်ဖွဲ့စု ဘားအံတို့ ပူးပေါင်း၍ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲ ၊ နံရံကပ် စာစောင်ပြပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် အမှတ်(၈) နှိမ်နှင်းရေးတပ်ဖွဲ့စု ရဲမှူးတင့်ဆွေက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်းအရာများ ပြစ်မှု၊ပြစ်ဒဏ်များ၊ ဒုရဲမှူး သိန်းဇော်မြင့်က လူကုန်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လူကုန်ကူးမှု ကြုံတွေ့လာပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘားအံမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲ ၊ ကျပန်းစကားပြော ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများကို ဆု အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၈) လူကုန်ကူးမှု တားဆီနှိမ်နှင်းရေးတပ်ဖွဲစုမှ ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ ၊ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေးနံရံကပ်ပိုစတာများလှည့်လည်ကြည့်ရှု အားပေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)