ပွင့်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် စာပေဝါသနာရှင်များ စုပေါင်းပြီး ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်အတွက် (Book Club) အဖွဲ့၏ ဆက်လက်ဆောင်ရွက်မည့် စာပေအသိပညာမျှဝေခြင်းဆိုင်ရာ လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ဦးစွာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးစိန်လွင် (ပညာရေးမှူးငြိမ်း) က ပြည်သူများ စာပေအသိပညာဗဟုသုတ တိုးပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခြင်း၊ အခြေခံပညာကျောင်းများနှင့် ချိပ်ဆက်၍ နယ်လှည့်အသိပညာပေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ကျောင်းနေအရွယ်ကလေးများအတွက် ဉာဏ်ရည် ဖွံ့ဖြိုးစေရန်နှင့် ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန် စာပေဆိုင်ရာပြိုင်ပွဲများ စီစဉ်ကျင်းပပေးခြင်း၊ (Book Club) အဖွဲ့ဝင်ဦးရေ တိုးပွားရေးနှင့် ရန်ပုံငွေရရှိအောင် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က (Book Club) အဖွဲ့နှင့် ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များကို အကြံပြုဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက ပြည်သူများ အသိပညာတိုးပွားရေးအတွက် ဆက်လက်ဆောင်ရွက်မည့် စာပေလှုပ်ရှားမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ (Book Club) အဖွဲ့ဝင်ဦးရေတိုးပွားရေးနှင့် ရန်ပုံငွေရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များ အပေါ်လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )