ကရသူရိ စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကို ကျောင်းသား/သူများက အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက တစ်နှစ်တာအတွင်း ထူးချွန်ထက်မြက်၍ စည်းကမ်းကောင်းမွန်သည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ပါ ကြောင်း၊ ကျောင်းသား/ကျောင်းသူများ တိုးတက်အောင်မြင်ရေးနှင့် လိုက်ပါဆောင်ရွက်နိုင်ရေး ဆရာ/ဆရာမများနှင့် မိဘအုပ်ထိန်းသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့်လည်း ထူးချွန်ထက်မြက်သူများအား အတုယူ၍ ကြိုးစားဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ပညာရေးတွင်သာမက ကာယ၊ ဉာဏ၊ စာရိတ္တ စသည့်ဘက်စုံထူးချွန်သည့် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း စသည်တို့ကို အကျယ်တဝင့် ပြောကြားသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်းသား/သူများအားလည်းကောင်း၊မြို့နယ်အဆင့် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုရရှိသည့် ဘောလုံးအသင်းအား လည်းကောင်း၊ကျောင်းကောင်စီအသင်း(၅)သင်း ခြင်းလုံးနှင့်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသော အသင်းများ အားလည်းကောင်း၊ စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များကစုစုပေါင်းဂုဏ်ပြုဆု(၁၄၉)ဆုအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား/သူများ၏ ဖျော်ဖြေရေးအစီအစဉ်ဖြင့်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)