လိပ်သို စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ပူးပေါင်း၍ စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်) ရေးသားသော “လူကြီးတွေက စပြင်ပါ လူငယ်ခံစားမှု အတွေးစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်တတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စာဖတ်ခြင်းအလေ့အထ တိုးတက်လာသည်နှင့်အမျှ စဉ်းစားတွေးခေါ်မှု မှန်ကန် လာပြီး ဆန်းစစ်ဝေဖန်ပိုင်းခြားနိုင်စွမ်းများရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ စာဖတ်ဝါသနာပါသူ မမြတ်နိုးမေက“ကိုယ့်ကိုယ် ကိုယ်ပြန်မေးမိတဲ့ မွေးခွန် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စောအောင်သူရက “လူ့ဘ၀ကို အချိန်နဲ့ ဖွဲ့စည်းထားတယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စောကျော်ဇင်ဦးက“စာအုပ်တွေကို ချစ်တယ် ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၉) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)