ငပုတောမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငပုတော စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံ ဟောင်းဝန်းအတွင်း သံဃာဆောင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် နှစ်စဥ်ဖြစ်ပွားမှု (၅)သိန်းနီးပါး ဖြစ်ပွားကြောင်း၊ သေးဆုံးမှုမှာ (၃)သိန်းနီးပါးခန့်ရှိကြောင်း၊ ကုသရန်ခက်ခဲသော ရောဂါများဖြစ်ခဲ့လျှင် ကာကွယ်ဆေးထိုးနှံရန်လိုကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးများတွင် အရွယ်မရွေးဖြစ်ပေါ်နိုင်ပြီး အသက် (၁၅)နှစ်မှ (၄၄)နှစ်တွင် အများဆုံးဖြစ်ပေါ်ကြောင်း၊ ကျောင်းများ၊ ရပ်ကွက်များတွင် ကာကွယ်ဆေးထိုးရန် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် စနစ်တကျထိုးနှံပေးရန်လိုကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇော်မြင့်က သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားတတ်သော အကြောင်းအရာ များကို Power Point  ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ကြီးများနှင့် အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)