သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား/သူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်း

ဘားအံ စက်တင်ဘာ ၁၃

ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ဘားအံမြို့၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ ကျန်းမာရေးအတွက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများစွာကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် စိုက်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အစိုးရအနေဖြင့် လည်း ကရင်ပြည်နယ်၏ ဒေသအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများအပေါ် လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းခံရပြီးနောက် လိုက်နာရမည့် အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်အောင်သင်ယူပြီး အရည်အသွေးပြည့်ဝသည့် အရည်အချင်းရှိသော သူနာပြုများဖြစ်အောင် ဆက်လက်ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)ကျောင်းအုပ်ကြီး ဒေါ်နီနီချိုက ဂျူတီကုတ် ဝတ်ဆင်ခြင်း၊ ဦးဆောင်းအပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၁)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ ပေးအပ်ကာ သင်တန်းသား၊သင်တန်းသူများက သူနာပြု သစ္စာအဓိဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာသင်တန်း ပထမနှစ်ဝက် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား၊ သင်တန်းသူများက ကရုဏာအလင်း တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေစကားများ ပြောကြားခဲ့ကြသည်။

အလားတူ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင် ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(Standard Operation Procedure - SOP) ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ တတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ကျင်းပရာ ကရင်ပြည်နယ် SOP ရေးဆွဲ ပြုစုရေး ပြည်နယ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်ကော်မတီဝင်များအနေဖြင့် မိမိတို့ဌာနအလိုက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပါဝင်ဆွေးနွေးပြီး SOP မူကြမ်းရရှိအောင် ပြုစုရမည်ဖြစ်ကြောင်း၊ ယခုလယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရဘဲကျူးလွန်ပြီး အဆောက်အဦ ဆောက်လုပ်နေကြမှုများကို ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများနှင့် နောင်တွင်ယခုကဲ့သို့ ဥပဒေမဲ့ ထပ်မံကျူးလွန်မှုမျိုးမဖြစ်စေရအောင် ထိန်းကျောင်းစီမံသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ကရင်ပြည်နယ်၏ ရေမြေသဘာဝနှင့် တိုင်းရင်းသားဓလေ့ ထုံးစံများအပေါ်မူတည်ပြီး ပါသင့်ပါထိုက် သည့်အချက်များကို ပြည့်စုံအောင်ပါဝင်ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်  SOP ရေးဆွဲပြုစုရေးပြည်နယ်လုပ်ငန်းကော်မတီ တွဲဘက်အတွင်းရေးမှူး လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မြို့နယ်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းအဖွဲ့များမှ စာရင်းပေးပို့ တင်ပြမှုများအပေါ် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်လုပ်ငန်း ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်ကြီးကြပ်ရေးအဖွဲ့များက ဝိုင်းဝန်းအကြံ ပြုဆွေးနွေးတင်ပြခဲ့ကြကာ ကရင်ပြည်နယ် SOP ရေးဆွဲ ပြုစုရေး ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)