မြဝတီ စက်တင်ဘာ ၁၃
၂၀၂၃ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(အောင်မြေ ရွေဘုံ)နှင့် အခြေခံပညာမူလတန်း(လွန်) (အောင်မြေရွှေဘုံ) ကျောင်းတို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပလပ်စတစ်အိတ်သုံးစွဲမှု ဆိုးကျိုးများတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လူကုန်ကူးမှုအဓိပ္ပါယ်၊လူကုန်ကူးမှုခံရနိုင်သည့် အသက်အရွယ်အမျိုးအစားနှင့် လူကုန်ကူးမှုခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုအန္တရာယ်များကိုလည်း ကောင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က ပလတ်စတစ်အိတ် အလွန်အကျွံသုံးစွဲမှု ကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၊ မီးရှို့ဖျက်ဆီးပါက မီးခိုးငွေ့ကြောင့် ဖြစ်ပေါ်တတ်သည့်ရောဂါများနှင့် သုံးစွဲမှုလျော့ချရေးတို့ကို ဆွေးနွေးပေးပြီး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါဝင် စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)