ပလက်ဝ စက်တင်ဘာ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၁၁ နာရီက ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကီမိုခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က ဒေသတည်ငြိမ် အေးချမ်းရေးသည် အဓိကကျကြောင်း၊ ပြည်သူ များ၏ မျှော်လင့်နေကြသည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်သည် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ မိမိတို့အချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ပလက်ဝခရိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေး အလားအလာ ကောင်းသည့် ဒေသဖြစ်၍ ဒေသဝမ်းစာဖူလုံလာနိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ပြည်နယ်ရှိ ခရိုင်(၆)ခုအနက် ပလက်ဝခရိုင်သည် လူဦးရေ တစ်သိန်း ကျော်ဖြင့် လူဦးရေအများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ် ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုရာနှုန်း အများဆုံးခရိုင်ဖြစ်ပြီး စက်မှု စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတစ်ခု အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ပြည်သူအများအပြား အသိပညာမြှင့်မားရေးသည် ဒေသရှိပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြှင့်မားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျောင်းသင်ပညာရေးနှင့် ကျောင်းပြင်ပပညာရေး နှစ်မျိုး စလုံးဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပလက်ဝခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ပလက်ဝ မြို့နယ် ကုတင်(၁၀၀)ဆေးရုံ အဆင့်တိုးမြှင့်ပေးရန်၊ ဆရာဝန်အင်အားဖြည့်တင်းပေးရန်၊ မဟာဓာတ်အားလိုင်းသွယ်တန်းပေးရေးနှင့် ဓာတ်အား ခွဲရုံ တည်ဆောက်ပေးရေးကို လည်းကောင်း၊ မြို့မိမြို့ဖ ဦးဇာနီနှင့် ဦးစနီအောင်တို့က ကျောက်တော်− ပလက်ဝရေကြောင်းလမ်း တစ်ရက်ခြား ပုံမှန်သင်္ဘောပြေးဆွဲခွင့်ပြုပေးရန်၊ ပလက်ဝ−ဆမီး ကားလမ်းအား ရာသီမရွေး သွားလာနိုင်သည့်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ မြို့နယ်ခန်းမ ဆောင်တည်ဆောက်ပေးရန် တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်က ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်တို့က အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ရာ ပလက်ဝမြို့မိမြို့ဖ ဦးဇာနီ၊ ဦးစနီအောင်၊ ဦးခိုင်ငိုင်းတို့က လက်ခံရယူကြ သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထောင်စုနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရ သည်။
ပြည်နယ် (ပြန်/ဆက်)