မြို့သစ် စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနိုင်ရေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ရှေးဦးစွာမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာကျော်မျိုးဇော်က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနိုင်ရေး စာရင်းကောက်ယူနိုင်ရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့သစ်မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သူနာပြုအဆင့်(၁) ဆရာဦးဖုန်းနန္ဒကျော်က ကာကွယ်ဆေးထိုးနှံပေးသွားမည့် အစီအစဉ်များကိုလည်းကောင်း၊ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) (တစ်ကြိမ်)ထိုးနှံခြင်းကို စက်တင်ဘာလ(၁၈)ရက်နေ့မှစ၍ စက်တင်ဘာလ(၂၉)ရက်နေ့အထိ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်း၊ အောက်တိုဘာလ (၁၆) ရက်နေ့မှအောက်တိုဘာလ (၂၇)ရက်နေ့အထိ ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါမှာ အသက်(၁၅)နှစ်မှ(၄၅)နှစ်အတွင်း အဖြစ်များပြီး (HPV)ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားတာဖြစ်၍ အသက်(၉)အရွယ်တွင် ကာကွယ်ဆေးထိုးထားမှုမှာ အကောင်းဆုံးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ လစုစုပေါင်းအင်အား(၃၅)ဦးခန့် ထက်ရောက်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)