ပွင့်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုဂေဟစနစ်များ မျှတကောင်းမွန်စေရန်အတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ စီစဉ်ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး (ပညာရေးငြိမ်း) က အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်သော ဒြပ်ပစ္စည်းများအကြောင်းနှင့် ဆိုးကျိုးသက်ရောက်မှု ဖြစ်စေသည့် ရာသီဥတုပြောင်းလဲမှုအခြေအနေများ၊ အိုဇုန်းလွှာပျက်စီးမှုကို ကြိုတင်ကာကွယ်ထိန်းသိမ်းရမည့် နည်းလမ်းများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ အပါအဝင်၊ စာပေစကားဝိုင်း ဆွေးနွေးပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြသခြင်းများ ၊ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး နယ်လှည့် အသိပညာပေးဟောပြောခြင်းများကို အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )