ကံမမြို့နယ်တွင် တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ ကျေးရွာအုပ်စု(၄၄)အုပ်စုမှ တောင်သူ(၄၄၁၀)ဦးအား ထုတ်ချေးပြီးစီး

ကံမ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူလယ်သမားများ  စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ   ၂၀၂၃-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို   မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု(၅၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ  ယနေ့နံနက်(၁၀)နာရီက  ထန်းကောက်ကျေးရွာအုပ်စုမှ တောင်သူများအတွက်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိပြီး ယနေ့အထိ ကျေးရွာအုပ်စု(၄၄)အုပ်စုမှ တောင်သူ(၄၄၁၀)ဦးအား   ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်းသုံးသောင်းအား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါး စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ငါးသောင်းကျပ်နှုန်း၊ မြေပဲ နှမ်း အစရှိသည့်   အခြားသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု(၄၄)အုပ်စုမှ  တောင်သူ(၄၄၁၀)ဦး၏ မိုးစပါးစိုက်ဧက(၁၁၇၈၉)ဧက၊ နှမ်းစိုက်ဧက(၇၅၂)ဧက၊ ပဲတီစိမ်း(၁၆၂)ဧကတို့အတွက် စုစုပေါင်းငွေကျပ်(၁၈၅၉၇.၅)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)