စစ်ကိုင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

စစ်ကိုင်း စက်တင်ဘာ ၁၃

စစ်ကိုင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါရုံးတွင် ကျင်းပပြုုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ သော်တာထက်က သားအိမ်ခေါင်း ကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ် အများဆုံးကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးသမီးများတွင်  ဒုတိယမြောက် အများဆုံးကင်ဆာဖြစ်ကြောင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ပုံစံများဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှု ရပ်ရွာတိုင်းသို့ ရောက်ရှိရန်နှင့် ရည်မှန်းထားသော သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး လွမ်းခြုံမှုရရှိစေရန်၊ အောင်မြင်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ် ဖြစ်စေရန်အတွက် ဌာနအချင်းချင်း အဆင့်တိုင်းတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး ရခြင်းဖြစ် ကြောင်း ပြောကြားကာ တက်ရောက်လာသည့် ဌာနဆိုင်ရာနှင့် လူမှုရေးအဖွဲ့အစည်းများက လုပ်ငန်းအောင်မြင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးခဲ့ကြသည်။

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံမှုတွင် စက်တင်ဘာ(၁၈)ရက်မှ (၂၉)ရက်အထိ ကျောင်းအခြေပြုအဖြစ်လည်းကောင်း၊ အောက်တိုဘာ(၁၆)ရက်မှ (၂၇)ရက်နေ့အထိ ပြည်သူလူထု အခြေပြုအဖြစ်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်