သာပေါင်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးအတွက် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ အဖွင့်အမှာစကားပြောကြား ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ဝင်းမီမီခိုင်က အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံရခြင်း ရည်ရွယ်ချက်၊ ထိုးနှံခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်းဆိုင်ရာများနှင့် (HPV)ထိုးနှံမည့် အစီအစဉ် အသေးစိတ်များအား ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ဝင်းမီမီခိုင်က ပြန်လည်ဖြေကြား ပေးခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း (မိခင်နှင့် ကလေးကျောင်းကျန်းမာရေး အာဟာရ)မှ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံမည့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၂၃၉) ကျောင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူ (၄၀၀၁)ဦးတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကာကွယ်ဆေးထိုး ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက စက်တင်ဘာလ(၁၈)ရက်နေ့မှ စက်တင်ဘာလ(၂၉)ရက်နေ့အထိ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) အခမဲ့ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်